မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ရသော ဘေးအန္တရာယ်များကြောင့် လူအများနေရပ်ရွှေ့ပြောင်းမှု နှင့် အခြားပြဿနာများကို ဖြေရှင်ပေ

Photo: EPA/NYUNT WIN

People carrying their belongings as they pass through a flooded street in Min Pyar township of Rakhine State, Myanmar, 02 August 2015. 



ကမ္ဘာပေါ်တွင် ပြင်းထန်သော မိုးလေဝသအခြေအနေနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် နှစ်စဉ်နေရပ် စွန့်ခွာထွက်ပြေးရသည့် လူအရေအတွက်သည် ပဋိပက္ခဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာရသူများထက် သုံးဆရှိသည်။ နေရပ်စွန့်ခွာရသူ အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြပြီး ယင်းတို့အနက် ၈၁ ရာခိုင်နှုန်းမှာ အာရှဒေသမှဖြစ်သည်။ အစွန်းရောက် မိုးလေဝသ အခြေအနေနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် မိမိတို့၏နေအိမ်နှင့် မြေယာများကိုစွန့်ခွာထွက်ပြေးရသူများအတွက် စနစ်တကျ ပြန်လည်နေရာ ချထားရေး သည် မဖြစ်မနေလိုအပ်လာပါသည်။ ၎င်းသည် လူ့အခွင့်အရေးကိုရရှိခံစားနိုင်ရေးအတွက် လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုသည့် ပိုမိုကျယ်ပြန့်သည့် စိုးရိမ်ပူပန်စရာအတွက်လည်းကောင်း အကြီးမားဆုံး  ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် ထိုကိစ္စဖြစ်ပွားနေခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုအန္တရာယ် အညွှန်းကိန်းအရ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ရသော သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်နိုင်မှု ဖြစ်နိုင်သည့် နိုင်ငံ ၁၈၇ နိုင်ငံအနက် ဒုတိယ အဆိုးဝါးဆုံး ထိခိုက်နိုင်သည့် နိုင်ငံဖြစ်ပြီး သဘာဝဘေး အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများမှာ စိုးရိမ်စရာကောင်းလောက်အောင် ကင်းမဲ့နေပါသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ ကမ်းရိုးတန်း ဒေသများတိုက်စားခြင်း၊ ယာယီ သို့မဟုတ် အမြဲတမ်း ရေလွှမ်းမိုးခံရခြင်း စသည့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ရသည့် သဘာဝဘေးအန္တရာယ်များကြောင့် မြို့လုံးကျွတ်၊ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ရွှေ့ပြောင်းကြရသည့် အဖြစ်ကြုံရလျှင် ကြိုတင် ပြင်ဆင်ထားခြင်း မရှိသည့်အတွက် ပို၍ အခက်အခဲကြုံရမည်။ ကီလိုမီတာ ၂၀၀၀ ရှည်လျားသည့် ကမ်းရိုးတန်းဒေသ တစ်လျှောက် နေထိုင်ကြသည့် လူသန်းပေါင်းများစွာတို့ နေရပ်နှင့်မြေယာများကို စွန့်ခွာထွက်ပြေးရလျှင် နေရပ်စွန့်ခွာပြဿနာရှိပြီးသား မြန်မာနိုင်ငံအနေဖြင့် ပြဿနာပေါ်ပြဿနာဆင့် ဖြစ်ပါလိမ့်မည်။

ရာသီဥတုဒဏ်ခံရမည့်သူများအတွက် မြေယာစုဆောင်းထားမည်ဆိုပါက (ဝါ) မြေကို ဘဏ်တစ်ခုသဖွယ် စုဆောင်းထားမည် ဆိုပါက မြန်မာနိုင်ငံတွင် ခြိမ်းခြောက်နေသော လူအများရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်း ပြေလည်ရေးအတွက် အလုပ်လည်းဖြစ်၊ လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာသည့် ဖြေရှင်းနည်းတစ်ရပ်ဖြစ်သည်ဟု အစီရင်ခံစာ သစ်တစ်စောင်က ဆိုသည်။ လာမည့်နှစ်များအတွင်း ရာသီဥတု ပြောင်းလဲမှုကြောင့် လူအမြောက်အများ ရွှေ့ပြောင်းကြသည့် ပြဿနာနှင့်ကြုံတွေ့ရမည့် အခြားနိုင်ငံများလည်း ဤဖြေရှင်းနည်းကို စဉ်းစားသင့် ကြသည်။

အစိုးရများအနေနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရွှေ့ပြောင်းနေထိုင်ကြရသည့် လူပုဂ္ဂိုလ်နှင့် လူ့အသိုင်းအဝိုင်းများ၏ အခွင့်အရေးကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင်း သဘောတူရေးဆွဲထားသော တာဝန်ဝတ္တရားများနှင့် နိုင်ငံတကာက ချမှတ်ထားသော တာဝန်ဝတ္တရားများကို ကောင်းစွာသဘောပေါက် နားလည်ဖို့လိုသည်။ မြန်မာအစိုးရသည် သဘာဝ ဘေးဒဏ်ခံလူထု၏ ဆုံးရှုံးမှုနှင့် ထိခိုက်ခံစားရမှုများ လျော့ပါးသက်သာစေရေးအတွက် မြန်မာနိုင်ငံ ရာသီဥတု မြေယာ ဘဏ် (MNCLB) ဖွဲ့စည်းတည်ထောင်ခြင်းဖြင့် လက်တွေ့ကျသည့် ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် အလေးအနက် စဉ်းစားသင့်သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၃)၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများ လျော့ပါးရေး ဆောင်ရွက်မှု အစီအစဉ်၊ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် (၂၀၁၆)  နှင့် လွန်ခဲ့သည့်နှစ်များအတွင်း ရေးဆွဲခဲ့သော အခြားဥပဒေမူဘောင်များရှိသော်လည်း ရာသီဥတု ပြောင်းလဲမှု ကြောင့် နေရပ်ဒေသကို အပြီးတိုင်စွန့်ခွာခဲ့ရသူ မိသားစုများအတွက် လိုအပ်သော မြေယာအရင်းအမြစ် ရရှိရေးနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

ရာသီဥတု ပြောင်းလဲမှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များကြောင့် နေရာသစ်တွင် ပြန်လည် နေရာချထားရမည့် သို့မဟုတ် ပြန်လည် နေရာချထားရန် လိုအပ်သည့် မိသားစုများ၏ အဓိကပြဿနာ တစ်ခုမှာ ၎င်းတို့အတွက် နေရာသစ် မရှိခြင်းဖြစ်သည်။ အခြားအခက်အခဲများမှာ နေရာသစ်တွင် နေအိမ်များ ပြန်လည်တည်ဆောက်ရန် မလုံလောက်သည့် ကူညီထောက်ပံ့မှု၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု တို့ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လတ်တလောနှင့် အနာဂတ်တွင် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ဖြစ်လာမည့် နေရပ်ရွှေ့ပြောင်းရမည့်ပမာဏကို မျှော်မှန်းတွက်ဆလျက် မြေကို သတ်သတ်မှတ်မှတ်ခွဲဝေချထားရန် အပူတပြင်းလိုအပ်နေသည်။ ရွှေ့ပြောင်းနေထိုင်ရမည့်သူများကို နေရာချထားရေးအတွက် လိုအပ်သည့် မြေနေရာကို ကြိုတင်သတ်မှတ်ခြင်းကသာ တစ်ခုတည်းသော အကောင်းဆုံး ဖြေရှင်းနည်းဖြစ်နိုင်မည်ဟု သုတေသီများက ရှုမြင်သည်။

မြန်မာနိုင်ငံရာသီဥတုမြေယာဘဏ် (MNCLB) သည် ရွှေ့ပြောင်းအခြေချများအတွက် မြေယာခွဲဝေ ချထားရေး အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တွင် လုပ်ထုံးလုပ်နည်း ကိရိယာအဖြစ် ဆောင်ရွက် နိုင်သည်။ ဘဏ်၏ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်း မြေယာအငြင်းပွားမှု မဖြစ်အောင် ကာကွယ်ရန် နှင့် ရွှေ့ပြောင်းမှုပြဿနာကို လူ့အခွင့်အရေး အခြေပြုနည်းနာများဖြင့် ဖြေရှင်းရေး နိုင်ငံပိုင်မြေများ ကို ခွဲဝေသည့် အစီအစဉ်များ တည်ထောင်ရန်ဖြစ်သည်။ အဓိကကျသော မူဝါဒငါးဖြာကို စုပေါင်း၍ ခိုင်မာသည့်မူဝါဒများ ရေး ဆွဲနိုင်ရန် MNCLB ကအခြေခံကျသည့် ကူညီထောက်ပံ့မှုများ ပေးရမည်။ မူဝါဒငါးခုမှာ ပဋိပက္ခ ဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း၊ လူ့အခွင့်အရေး၊ ရာသီဥတုပြောင်းလဲခြင်း၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် မြေယာ ရရှိနိုင်မှု တို့ဖြစ်သည်။ မြေယာရရှိမှုခိုင်မာရေး၊ တည်ငြိမ်မှုရှိရေးနှင့် စီးပွားရေး တိုးတက်မှုတို့၏ အရေးပါမှုကို လက်ရှိအစိုးရနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများက ကောင်းစွာ သဘောပေါက် လက်ခံထားပြီး ဖြစ်သည်။ တကယ်တော့ လူထုအခြေပြုအဖွဲ့အစည်းများက ပို၍ကျယ်ပြန့်သော လယ်ယာမြေပြုပြင်ပြောင်းလဲရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျေးလက်နေမြေယာမဲ့ ဆင်းရဲသားလူထုအတွက် ခွဲဝေပေးနိုင်မည့် နိုင်ငံပိုင် မြေအရင်းအမြစ် များကို စတင်ပိုင်းခြားသတ်မှတ်နေပြီဖြစ်သည်။

MNCLB မရှိလျှင် ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရမည့် ပြဿနာနှင့် ရင်ဆိုင်နေရသည့် များပြားလာ သောလူများသည် ရာသီဥတုဆိုးဝါးမှုကြောင့် လူအများ နေရာအနှံ့အပြားသို့ ပြောင်းရွှေ့နေထိုင်ရသည့်နည်းတူ သွားစရာနေရာ မရှိဖြစ်ကာ မြို့ပြရှိ ဆင်းရဲသားရပ်ကွက်များ သို့မဟုတ် အခြေခံလူ့အခွင့်အရေးပင် မရရှိနိုင်သော၊ နေထိုင်ရန် လုံးဝ မသင့်တော်သည့် နေရာသစ်များသို့ ပြောင်းရွှေ့နေထိုင်ကြမည် ဖြစ်သည်။ တကယ်တော့ မြန်မာအစိုးရအနေဖြင့် ပေါ်ပေါက်လာသည့် ဤ အကျပ်အတည်းကို ဖြေရှင်းရန်ပျက်ကွက်ခြင်းသည် ၂၀၁၇ ခုနှစ် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် အပါအဝင် သက်ဆိုင်ရာ ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာ ဥပဒေများအရ ဘေးဒဏ်သင့် ပြည်သူများအပေါ် ဆောင်ရွက်ပေးရန် တာဝန်ရှိမှုကို မျက်ကွယ်ပြုနေသည်ဟုပင် ဆိုနိုင်ပေသည်။

လက်တွေ့ကျကျဆိုရလျှင် MNCLB သည် အနာဂတ်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် စနစ်တကျ ကူညီနေရာ ပြန်လည်ချထားပေးရန် လိုအပ်လာမည့် ရွှေ့ပြောင်းလူအများနှင့် အစုအဖွဲ့များ အတွက် သီးသန့်ဖယ်ထားသည့် နိုင်ငံပိုင်မြေများကို အုပ်ထိန်းပေးထားသော ဗဟိုဌာနကြီးတစ်ခုအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ ဖွဲ့စည်း တည်ထောင်ပြီး၍ အသင့်တော်ဆုံး အစိုးရဝန်ကြီးဌာနတစ်ခု၏ ဒီမိုကရေစီ နည်းလမ်းတကျ ထိမ်းကျောင်းမှုအောက်တွင် MNCLB သည် နိုင်ငံတွင်းရှိ ရာသီဥတုဒဏ်နှင့် နီးစပ်သည့် ဒေသအားလုံးရှိ အလားအလာရှိသောနိုင်ငံပိုင်မြေအရင်းအမြစ်များကို ရှာဖွေဖော်ထုတ်ပေးမည့် တာဝန်ကို ယူမည် ဖြစ်သည်။ ထိုမြေများကို သီးသန့်ဖယ်ထားပြီး နေရာရွှေ့ပြောင်းရာတွင် ပါဝင်လာကြမည့် ကမ်းရိုးတမ်းဒေသနေ ရပ်ရွာလူထုများအတွက် ရည်စူးနေရာချထားပေးမည့်မြေနေရာများအဖြစ် အုပ်ထိန်း စောင့်ရှောက်ပေးထားမည် ဖြစ်သည်။ ဤသို့ဖြင့် ရာသီဥတုဒဏ်ကြောင့် ရွှေ့ပြောင်းကြရသည့် လူ အများအတွက် ဒေသသစ်တွင် နေအိမ်သစ်များနှင့် မြေယာသစ်များရရှိရေး၊ လိုအပ်သော ကူညီထောက်ပံ့မှုများ အစိုးရထံမှ ရရှိရေးအတွက် MNCLB က ဦးဆောင်အဖွဲ့အစည်းအဖြစ်လည်း တာဝန်ယူနိုင်လိမ့်မည် ဖြစ်သည်။ လုံလောက်သည့်မြေနေရာပမာဏကို ရှာဖွေဖော်ထုတ် သတ်မှတ်ပြီး သည့်အခါ MNCLB သည် သဘောတူထားသည့် လုပ်ငန်းစဉ်များနှင့်အညီ ဘေးဒဏ်ခံ လူထုထံမှ နေရာသစ် တောင်းခံ လျှောက်ထားမှုများကို လက်ခံစဉ်းစားနိုင်လိမ့်မည် ဖြစ်သည်။

ရာသီဥတုမြေယာဘဏ်သည် မြန်မာနိုင်ငံတွင် ပြင်းထန်သော ရာသီဥတုဒဏ်ကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းဖို့ ဖြစ်လာနိုင်သည့် လူသန်းပေါင်းများစွာအတွက် လူ့အခွင့်အရေးရှုထောင့်ကကြည့်လျှင်လည်း ပြေလည်သည့်ဖြေရှည်းနည်းတစ်ခု ဖြစ်သည်။ နေရာဒေသအနှံ့အပြား ဖြစ်ပွားလာနေသည့် ရာသီဥတု ပြောင်းလဲမှုကြောင့် အလားတူ ပြဿနာနှင့် ရင်ဆိုင်နေရသည့် အခြားနိုင်ငံများလည်း ဘေးဒဏ်ခံဒေသရှိ လူအများ၏အခွင့်အရေးကို လေးစားမှုရှိသော၊ ၎င်းတို့၏ လူ့အခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်သည့် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားသင့်သည့် ဖြေရှင်းနည်းတစ်ခု ဖြစ်သည်။