ရိုဟင်ဂျာတို့၏ ဘာသာရေးအခွင့်အရေးဘက်က ရပ်တည်ခြင်းဖြင့် ၎င်းတို့ကို မကယ်တင်နိုင်၊ သို့ဆိုလျှင် ဘာက ကယ်တင်နိုင်မလဲ

အခြားသောအကြောင်းပစ္စယများကို လျစ်လျူရှုပြီး ရိုဟင်ဂျာတို့အပေါ် အနိုင်ကျင့်ခံ ဘာသာရေး လူနည်းစုအဖြစ်ချည်းသာ ပြောပြီးရင်းပြောနေကြခြင်းဖြင့် ၎င်းတို့သည် နိုင်ငံသားမဟုတ်သူ သူစိမ်းများ ဖြစ်သည်ဆိုသော အနေအထားကိုသာ သွားသွားပြီး အားကောင်းအောင် လုပ်ပေးနေသလိုဖြစ်ပြီး နိုင်ငံရေး အရရော ဘာသာရေးအရပါ ၎င်းတို့ကို ဖယ်ထုတ်ထားသည့် ပုံသဏ္ဌာန်များကို ထပ်လောင်း မီးထိုးပေးသလို ဖြစ်နေပါသည်။

Elizabeth Shakman Hurd
December 7, 2017

ရိုဟင်ဂျာနှင့် တခြားသော နှိပ်စက်ခံလူအုပ်စုများကို ကူညီလိုသော နိုင်ငံတကာ လူ့အခွင့်အရေး ဆောင်ရွက်သူ များသည် ဖြစ်စဉ်တိုင်းအပေါ် ဘာသာရေးအကြမ်းဖက်မှုဟု မြင်ပြီး ဘာသာရေး အခွင့်အရေး ထက် ပိုပြီး ရှေ့ဆက် မလုပ်ဆောင်ကြတော့ပါ။ ရိုဟင်ဂျာတို့ကိစ္စတွင် ၎င်းတို့ အရေးအတွက် တောင်းဆို တိုက်ပွဲဝင် ပေးနေသူတို့အနေဖြင့် ယခုဖြစ်စဉ်အပေါ် ဘာသာရေးချင်းပဋိပက္ခဖြစ်သည့် သဘောမျိုး ဇောင်းပေး ပြောဆို နေကြခြင်းကို ရပ်၍ ရိုဟင်ဂျာတို့အား လူအဖြစ်ဆက်ဆံရန်နှင့် ဂုဏ်သိက္ခာနှင့် လေးစားမှုကို ခံယူထိုက်သည့် ဖြစ်သင့်ဖြစ်ထိုက်သော နိုင်ငံသားများအဖြစ် ဆက်ဆံဖို့ မြန်မာအစိုးရကို တိုက်တွန်းခြင်းကိုသာ လုပ်သင့်ပါ သည်။

ရိုဟင်ဂျာတို့သည် ဆယ်စုနှစ်နှင့်ချီကာ နိုင်ငံသားအဖြစ်မှငြင်းပယ်ခံခဲ့ရသည်။ မြန်မာနိုင်ငံတော်သည် ၎င်းတို့အား ဘင်္ဂါလီလူမျိုး ရွှေ့ပြောင်းလာကြသူများအဖြစ် မဟုတ်မမှန် သတ်မှတ်ခြင်းဖြင့် ၎င်းတို့အား ခွဲခြားဆက်ဆံမှု၊ မလိုမုန်းထားမှုတို့၏ သားကောင်အဖြစ်သို့ ကျရောက်စေခဲ့သည်။ ယခုတွင် တပ်မတော်သည် ကုလသမဂ္ဂ လူ့အခွင့် အရေး မဟာမင်းကြီး ဇေအိဒ် ရာအဒ် အလ် ဟုစ္စိန်၏အသုံးအရ “နမူနာထားရမည့် လူမျိုးသန့်စင်ရှင်းလင်းမှု”ကို ကျူးလွန်လျက်ရှိသည်။ ဖြစ်ပွားနေသည့် အခြေအနေကို ကုလသမဂ္ဂက “ကပ်ဘေး”တစ်ခုအသွင် ရည်ညွှန်း သုံးနှုန်းခဲ့သည်။

Wikimedia/Firdaus LatifCC BY-SA 2.0 (Some Rights Reserved).


ယခုဖြစ်ပွားခဲ့သည့် အကြောင်းရင်းအဖြစ် ဘာသာတစ်ခုအပေါ် သည်းမခံနိုင်မှုပုံစံမျိုး ပြောကြသူအများအပြား ရှိသည်။ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်တို့အကြား နဂိုသဘောအရ ပဋိပက္ခအသွင်ဆောင်သည့် ဓာတ်မတည့်မှု မျိုးကြောင့်ဆိုသည့် အယူအဆမှာ လက်ခံလိုက်ချင်စရာဖြစ်သော်လည်း ၎င်းသည် မှားယွင်းပါသည်။ အဆိုပါ ရှုထောင့်မှ ရှင်းလင်းချက်မှာ တကယ်တော့ လူဖြူတို့၏စိတ်တွင် လူဖြူမဟုတ်သူများသည် ဘာသာရေးနှင့် ပတ်သက်လျှင် အကဲဆတ်သည်ဆိုသော ပုံဖော်တတ်သည့် အလေ့အကျင့်က အရိုးစွဲနေခြင်းကြောင့် ဖြစ်ပြီး၊ မီဒီယာနှင့် လူ့အခွင့်အရေး အသိုင်းအဝိုင်းမှာလည်း အလွန်ကို အသုံးများသည့် အပြောအဟော တစ်ခု ဖြစ်လာခဲ့သည်။ တစ်ဖန် ၎င်းတို့ကလည်း ရိုဟင်ဂျာတို့သည် ဗုဒ္ဓ ဘာသာဝင် လူများစုကြီး၏ နှိပ်ကွပ်မှုကို ခံနေရသည့် မွတ်စလင် လူနည်းစုတစ်ခု ဖြစ်သည်ဆိုသော ဇာတ်လမ်းကိုပင် ဆက်လက် ပြောဆိုရေးသား ကြပြန်သည်။

ထိုသို့ ပြောဆိုရေးသားခြင်းသည် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်မှုအပေါ် လမ်းလွဲသွားစေနိုင်သည့် တင်ဆက်မှုမျိုး ဖြစ်ပြီး အခြားသောအကြောင်းပစ္စယများကို လျစ်လျူရှုပြီး ရိုဟင်ဂျာတို့အပေါ် အနိုင်ကျင့်ခံ ဘာသာရေး လူနည်းစုအဖြစ်ချည်းသာ ပြောပြီးရင်းပြောနေကြခြင်းဖြင့် ၎င်းတို့သည် နိုင်ငံသားမဟုတ်သူ သူစိမ်းများဖြစ်သည်ဆိုသော အနေအထားကိုသာ သွားသွားပြီး အားကောင်းအောင် လုပ်ပေးနေသလိုဖြစ်ပြီး နိုင်ငံရေးအရရော ဘာသာရေးအရပါ ၎င်းတို့ကို ဖယ်ထုတ်ထားသည့် ပုံသဏ္ဌာန်များကို ထပ်လောင်း မီးထိုးပေးသလို ဖြစ်နေပါသည်။ ရိုဟင်ဂျာတို့သည် မွတ်စလင်ဖြစ်ခြင်းကြောင့် နှိပ်ကွပ်ခံရခြင်းသာ မဟုတ်ဘဲ၊ ပြီးခဲ့သည့် စစ်အစိုးရကို ခြိမ်းခြောက်ခဲ့သော၊ မြိုးမြိုးမြက်မြက် ရမည့် စီးပွားရေးလုပ်ကွက်များအတွက် အဟန့်အတား ဖြစ်နေသည့် စည်းအပြင်ကလူများအဖြစ်ပါ မြင်ခံရသောကြောင့်ဖြစ်သည်။

သို့သော်လည်း ဘာသာရေးရှုထောင့်တစ်ခုတည်းကိုသာ ဇောင်းပေးနေကြပါက အဆိုပါ လူစုကို တစ်ဆင့်နှိမ့် ဆက်ဆံကာ ဖိနှိပ်ထားခြင်းမှ ရလာမည့် စီးပွားရေးနှင့်နိုင်ငံရေး အကျိုးစီးပွားများကို မမြင်နိုင် တော့ပါ။ နိုင်ငံတော်ကိုယ်တိုင် ပါဝင်ပတ်သက်သည့် အကြမ်းဖက်မှု၊ လက်ရှိ ဦးဆောင်နေသည့် ထိပ်ပိုင်းအလွှာ၏ နယ်မြေနှင့်အာဏာကို အပိုင်သိမ်းလိုသည့် ရည်မှန်းချက်၊ ခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေသော လူမျိုးခြား မုန်းတီး ကြောက်ရွံ့စိတ်၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ကို မြန်မာနိုင်ငံ တံခါးဖွင့်ပေးခြင်းနှင့်အတူ တစ်ဖက်က သဘာပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးအရ ပေးဆပ်ရမှုတို့ကို အာရုံလွှဲလိုက်သလို ဖြစ်နေပါသည်။

ထိုသို့ အာရုံလွဲနေခြင်းကို မြင်အောင်ကြည့်လိုပါက ရိုဟင်ဂျာတို့ကို အစိုးရနှင့်တခြားသောသူများက မြန်မာ တိုင်းရင်းသား မဟုတ်သူများ၊ လူ့အဆင့်ပင်မပြည့်မီသူများအဖြစ် ပုံဖော်ကြပုံကို လေ့လာကြည့်ရှုလျှင် ရှင်းရှင်း လင်းလင်း ရှိမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာသည့်အချိန်တွင် အတော်များများ၏စိတ်တွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာခဲ့ သော်လည်း ရွေးကောက်ပွဲပြီးမကြာခင် ရိုဟင်ဂျာတို့၏အတိဒုက္ခအကြောင်းမေးသည့်အခါ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က အစိုးရတွင် “အခြားဦးစားပေးစရာများ” ရှိသေးသည်ဟု နယူးယောက် တိုင်းမ် သတင်းစာကို ဖြေကြားခဲ့သည်။ ရိုဟင်ဂျာတို့ကို တရားဝင် ရည်ညွှန်းသုံးစွဲသည့် အခေါ်အဝေါ်မှာလည်း စစ်တပ် ကျောထောက်နောက်ခံ အစိုးရလက်ထက်က သုံးခဲ့သည့်အတိုင်းပင်ဖြစ်ပြီး ၎င်းတို့သည် တရားမဝင် ဝင်ရောက်လာသူများဖြစ်ကာ ဘင်္ဂလားဒေ့ရှ်သို့ “ပြန်ပို့ရမည်”ဟုပင် ပြောဆိုခဲ့သည်။ အဲလိယက် ပရက်စ်ဖရီးမင်း ရေးထားသည့်အတိုင်း “အသတ်ခံရသူများသည် ကိုယ်ပိုင်လက္ခဏာရှိသည့် လူအုပ်စုတစ်စုအဖြစ်နှင့်ပင် အသတ်ခံ ခဲ့ရခြင်းမဟုတ်ဘဲ လူအုပ်စုတစ်စုနှင့်အကျုံးမဝင်သော အမှိုက်သရိုက်များ၊ နိုင်ငံရေးအရ စုပိုင်းထားသည့် အဝန်းအဝိုင်းအပြင်ဘက်သို့ လုံးဝ ကျရောက်သူများအဖြစ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။”

၎င်းသည် ဗုဒ္ဓဘာသာဝင်တို့နှင့် မွတ်စလင်တို့အကြား ဘာသာရေး သို့မဟုတ် ဓလေ့စရိုက်များကို အကြောင်းပြု၍ ဖြစ်ပွားသည့် ပဋိပက္ခ မဟုတ်ပါ။ ရိုဟင်ဂျာတို့ကို ဖယ်ထုတ်၊ မောင်းထုတ်ပစ်ခြင်းဖြင့် စီးပွားရေး အကျိုးအမြတ် နှင့် နိုင်ငံတော် အကျိုးစီးပွားများ အလျှံပယ်ရရှိနေပါသည်။ ကျမ၏စာအုပ်ဖြစ်သည့် Beyond Religious Freedom တွင် ကျမ တင်ပြခဲ့သည့်အတိုင်း ယခု အကျပ်အတည်းသည် ကိုလိုနီခေတ်က ကျင့်သုံး ခဲ့သည့် “သွေးခွဲအုပ်ချုပ်ရေး”၏ အမွေဆိုးဖြစ်သည်။ လောဘအတောမသတ်နိုင်သည့် စီးပွားရေး အညွန့်ခူးစားသူ လူတစ်သိုက် ပေါ်ပေါက်လာခြင်း၊ မတူသူများကို ဖယ်ထုတ် လိုသော ဗမာ/မြန်မာ အမျိုးသားရေးစိတ်ဓာတ် မွေးမြူကာ ရိုဟင်ဂျာတို့ကို ထိုးကျွေးခြင်းတို့အပါအဝင် စီးပွားရေးတင်းကျပ် ထားမှုများကို လျှော့ချလိုက်ခြင်းမှ ပေါ်ထွက်လာသော လူမှုရေးအန္တရာယ်များဖြစ်သည်။

ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်မှုအပေါ် ဘာသာရေးကိုအခြေခံသည်ဟု သရုပ်ခွဲခြင်းဖြင့် တိတ်တိတ်ပုန်း ပါဝင် ပတ်သက်နေသည့် အာဏာကိုကိုင်ထားသူ လက်တစ်ဆုပ်စာတို့အပြစ်မရှိဟု ဆိုရာရောက်သည့်အပြင် တစ်ချိန် တည်းမှာလည်း ယခု ပဋိပက္ခ၏အဓိကပြဿနာမှာ ဗုဒ္ဓဘာသာဝင်တို့နှင့် မွတ်စလင်တို့ကြားမှ မတူညီမှုဖြစ်သည် ဆိုသည့် လမ်းလွဲသိမှတ်မှုကိုပါ ပိုမိုအားကောင်းလာစေပါသည်။ အစွန်းရောက်သူများကို အစွယ်ချိုးရမည့် အစား ဘာသာရေးနှစ်ခုကြား အကွဲအပြဲကို ပိုပြီး ကြီးမားစေသလို တစ်ချိန်တည်းမှာလည်း ရိုဟင်ဂျာတို့ကို ကူညီကာ မြန်မာနိုင်ငံ၏ နိုင်ငံတော်တွင်းနှင့် အလွန်တို့ရှိ အစွန်းရောက်များကို စိန်ခေါ်ရန်ကြိုးစားနေသည့် နိုင်ငံတကာ နှင့် ဒေသတွင်း အဖွဲ့အစည်းများမျက်စိဖွင့် လုပ်ငန်းများနှင့် ရပ်ခံဆောင်ရွက်မှု များကိုလည်း မှေးမှိန်သွားစေ ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင်း နေထိုင်ပြီး အမျိုးသားရေးအခြေပြု ခွဲခြားဖယ်ထုတ်မှုအတွက် ခြေကုပ်ယူ နေသည့် အမြစ်တွယ် ဘာသာရေးမုန်းတီးမှု အကြောင်းပြချက်ကို ပယ်ချသည့် ဆန့်ကျင်ကွဲလွဲသူများအတွက် လည်း အခက်အခဲဖြစ်စေပါသည်။ သာဓကတစ်ခုမှာ ရန်ကုန်မြို့ရှိ ပန့်ခ်ရော့ခ်တီးဝိုင်း Rebel Riot အဖွဲ့ဖြစ်သည်။ အဖွဲ့၏ဦးဆောင်အဆိုရှင် ကျော်ကျော်က “သူတို့သာ တကယ့် သံဃာအစစ်ဆိုရင် ကျနော် ဘာမှမပြောပါဘူး။ ဒါပေမဲ့ သူတို့က သံဃာအစစ်မဟုတ်ဘူး။ သူတို့က မျိုးချစ်တွေ၊ ဖက်ဆစ်တွေ။ ဒီလိုပြောတာ ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါကအမှန်ပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံမှာဖြစ်စေ တခြားနိုင်ငံမှာဖြစ်စေ အကြမ်းဖက်မှုပေါ်ပေါက်သည့်အခါ ဘာသာရေးပဋိပက္ခအဖြစ် အဆင့်နှိမ့် သုံးသပ်ခြင်းသည် လူသား၏လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် ပေါင်းစည်းနိုင်မှုကို အလွယ်တကူ မမြင် နိုင်အောင် ကားဆီးလိုက်ပြီးလျှင် အားနည်းသောအုပ်စုတို့ ခံစားနေရသည့် ပြဿနာများကိုလည်း ဖြေရှင်းရ ပိုခက်ခဲသွားစေပါသည်။ ပဋိပက္ခတစ်ခုကို ဘာသာရေးချင်းပွတ်တိုက်မှုဆိုသည့် မှန်ကူကွက်အတွင်း ထည့်ပြီး လမ်းကြောင်းလွဲအောင် လုပ်ခြင်းသည် လူမှုရေးအရတင်းမာမှုများကို ပိုဆိုးရွားစေပြီးလျှင် ဘာသာရေး အခွင့်အရေး ရှုထောင့်မှ ထိန်းချုပ်ရန်ကြိုးပမ်းခြင်းသည်လည်း ခြိမ်းခြောက်နေသော လူမှုရေးမတူညီမှုအသွင် သဏ္ဌာန်တစ်ခုအဖြစ် ဘာသာရေးမတူညီမှုကို အမှတ်သညာပြုခြင်း ဖြစ်သည်။

သာဓကအနေဖြင့် ဘော့စနီးယားတွင် “မွတ်စလင်ဖြစ်ခြင်း”ကို လူ့အဖွဲ့အစည်း၏ အထင်ရှားဆုံး သရုပ် လက္ခဏာ အဖြစ် အမျိုးသားရေးလက္ခဏာသတ်မှတ်ခြင်းသည် ၁၉၇၄ ခုနှစ် အခြေခံဥပဒေနှင့်အတူ ပြီးမြောက် သွားခဲ့သည်။ အဆိုပါဒေသ၏ သမိုင်းပညာရှင်များက မွတ်စလင် ဆိုသောခေါင်းစဉ်၏ သိသာထင်ရှားသော သမိုင်းကြောင်းစဉ်ဆက်ကို လိုက်လံခြေရာခံခဲ့ကြပြီး လူမျိုးတစ်မျိုးဖြစ်ခြင်းဆိုသည့်အရာတွင် မွတ်စလင် ဖြစ်ခြင်းက တဖြည်းဖြည်းချင်း ပါဝင်တွဲဆက်လာသည့် သဘောနှင့် ၁၉၉၀ ပြည့်လွန်နှစ် စစ်ပွဲများ မတိုင်မီကာလ တစ်လျှောက်မှာရော စစ်ပွဲ ကာလအတွင်းမှာပါ မွတ်စလင်မှသာ နိုင်ငံရေးအရသစ္စာခံမှုရှိကြောင်း ညွှန်ပြသည်ဟု ဆိုသောအရာတစ်ခုအဖြစ် အရေးပါမှု တဖြည်းဖြည်း ကြီးထွားလာပုံတို့ကို ပြသကြသည်။ စစ်ပွဲမတိုင်ခင်က ကိုယ့်ကိုယ်ကိုယ် ဘာသာမဲ့များအဖြစ် ခံယူခဲ့ကြသည့် ဘော့စနီးယားသားများသည် အသစ်ပေါ်ထွန်းလာသော ဘာသာရေး အမှတ်လက္ခဏာတစ်ခုကို ပိုင်ဆိုင်ထားသူများ အဖြစ် (နိုင်ငံရေးအရ၊ လူ့အဖွဲ့အစည်းအရ အဆက်အဟဖြစ်ရှိနေမှန်း) မိမိကိုယ်မိမိ ရုတ်တရက် သတိပြုမိခဲ့ကြသည်ဟု ဒေးဗစ် ကမ့်ဘဲက ပြသခဲ့သည်။

ထိုကဲ့သို့သော အမှတ်လက္ခဏာများသည် မိုဒီ၊ နေတန်ယာဟုနှင့် ထရမ့်တို့လိုမျိုး နိုင်ငံရေးပွဲမင်းများ သဘောတွေ့သည့် အရာများ ဖြစ်နိုင်ပါသည်။ ၎င်းခေါင်းဆောင်များသည် ရိုဟင်ဂျာနှင့် တခြားသော အုပ်စုများ၏ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုအဖြစ် အကြမ်းဖက်ခြင်းကို “အစ္စလာမ္မစ်အကြမ်းဖက်မှု”အဖြစ် အားရဝမ်းသာ တံဆိပ်ကပ်စရာဖြစ်သလို နိုင်ငံရေးအခန်းကဏ္ဍကို ဖယ်ထုတ်ပြီး မကောင်းဆိုးဝါးများအဖြစ် သရုပ်ဖော်ကြသည်။ သို့သော်လည်း ဘာသာရေးကို နိုင်ငံရေးတွင်အသုံးချခြင်းသည် ထိုသို့ ခွဲခြားတံဆိပ်ကပ်မှုများ အောက်တွင် အတင်းအကျပ်ခိုင်းသဖြင့် နေနေရသူများ၏ ကောင်းကျိုးအတွက် ဘယ်သောအခါမျှ မဖြစ်ပါ။ ဘာသာရေး ဖိနှိပ်ခံရ သဖြင့် အကြမ်းဖက်ခြင်းအသွင် ရှင်းလင်းသရုပ်ဖော်ပြီး ဘာသာရေး အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ တောင်းဆိုပြီး အဖြေရှာသည့် နည်းလမ်းကို သုံးခြင်းသည် လူမှုအုပ်စုချင်း အစေးမကပ်အောင် ဖြစ်စေသော ရောယှက်နေသောအကြောင်းတရားများကို ဖုံးကွယ်သလိုဖြစ်ပြီးလျှင် အခြားနည်းဖြင့် သွေးစည်းညီညွတ်မှုကို ရရာရကြောင်း တရားများကိုလည်း မှေးမှိန်သွားစေပါသည်။ ၎င်းသည် မတူသောအသံတစ်မျိုးဖြင့် ပြောဆိုမည့်သူများကိုလည်း အသံတိတ်သွားအောင် လုပ်ထားလိုက်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြီးခဲ့သည့်ဩဂုတ်လမှစကာ ထွက်ပြေးသွားခဲ့သည့် ရိုဟင်ဂျာ ၆၂၀,၀၀၀ ကျော်တို့အနက်မှ အချို့ကို ပြန်လက်ခံရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သဘောတူ စာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။ ယင်းအပေါ် ကျမတို့ အယုံမလွယ်သင့်ပါ။ မြန်မာနိုင်ငံ၏ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဆိုအရ အစိုးရကထုတ်ပေးထားသည့် နေထိုင်ကြောင်း သက်သေခံအထောက်အထား ပြသနိုင်သူများကိုသာ ပြန်လည်လက်ခံမည်ဖြစ်ကြောင်းနှင့် ယခုသီတင်းပတ် အတွင်း ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာ တစ်စောင် အဆိုအရ မြန်မာ အစိုးရသည် ဆယ်စုနှစ်များနှင့်ချီအောင် “ရိုဟင်ဂျာများအား အဓိကလိုအပ်သည့် သက်သေခံနှင့် နေထိုင်ကြောင်း အထောက်အထားလက်မှတ်များ လက်ဝယ်မရှိအောင် တက်တက်ကြွကြွ မူဝါဒချမှတ် လုပ်ဆောင်ခဲ့”သည်။ နိုင်ငံတကာဥပဒေပင် အမှန်တကယ်ဖြစ်သည့် နိုင်ငံတကာဒုက္ခသည်များဥပဒေသည် နိုင်ငံတော်ကိုယ်တိုင်က မလိုချင်သဖြင့် တက်ကြွစွာခွာထုတ်ခံနေရသော ရိုဟင်ဂျာတို့အား ကယ်တင်နိုင်ဖို့ ဖြစ်နိုင်ခြေမရှိပါ။

လူ့အခွင့်အရေးဘက်မှ ရပ်ခံသူများအနေဖြင့် ရိုဟင်ဂျာတို့ကို ကယ်တင်လိုသည်ဆိုပါက အကြမ်းဖက်မှုကို စေ့ဆော်နေသည့် အကျိုးစီးပွားများကို ပစ်မှတ်ထားဖို့ လိုအပ်သည်။ ဤအကျပ်အတည်း၏ သပွတ်အူ အကြောင်းရင်းများ နှင့်တကွ နိုင်ငံတော်ကိုယ်တိုင် အကြမ်းဖက်မှုကို မျက်စိမှိတ်ပေးထားသည့် အနေအထားတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှု လိုအပ်ပါသည်။ ရိုဟင်ဂျာတို့သည် အသက်သာဆုံး အဆင့်တွင် နေအိမ်များ ဆုံးရှုံးပြီး နိုင်ငံမဲ့ဘဝရောက်ပြီး အဆိုးဆုံးအဆင့်တွင် လုံးဝ ကွယ်ပျောက်သွားရမည်ဖြစ်ရာ လူ့အခွင့်အရေးအတွက် ရပ်ခံဆောင်ရွက်သူများအနေဖြင့် ရိုဟင်ဂျာတို့နှင့် ပုံစံအမျိုးမျိုးတွင် တစ်သားတည်းဖြစ် အောင် ရပ်တည်နိုင်အောင် လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်သည်။ ထိုသို့ ရပ်တည်ရာတွင်လည်း ရိုဟင်ဂျာတို့အား မွတ်စလင်များအဖြစ်ထက် လူသားချင်းအတူတူအဖြစ်သာ ရပ်တည်ရမည် ဖြစ်ပါသည်။

ABOUT THE AUTHOR

Elizabeth Shakman Hurd

ဟုရ်ဒ် သည် နော့သ်ဝက်စတင်းတက္ကသိုလ်မှ နိုင်ငံရေးနှင့်ဘာသာရေး ပါမောက္ခတစ်ဦး ဖြစ်သည်။ ၎င်းသည် ပရင့်စတန်က ထုတ်ဝေခဲ့သည့် The Politics of Secularism in International Relations  နှင့် Beyond Religious Freedom: The New Global Politics of Religion စာအုပ်နှစ်အုပ်၏ စာရေးသူလည်းဖြစ်ပြီး Politics of Religious Freedom and Comparative Secularisms in a Global Age စာအုပ်၏ ပူးတွဲ တည်းဖြတ်သူလည်း ဖြစ်သည်။ ပါမောက္ခ ဟုရ်ဒ်သည် “Politics of Religion at Home and Abroad” and “Talking Religion: Publics, Politics, and the Media”စီမံကိန်းနှစ်ခု၏ ပူးတွဲဒါရိုက်တာနှင့် နော့သ်ဝက်စတင်းတက္ကသိုလ်၏ ကမ္ဘာနှင့်အဝန်း နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ဘာဖေးအင်စတီကျူ သုတေသနအဖွဲ့ မှာလည်း ပူးတွဲဒါရိုက်တာဖြစ်သည်။

 

 

Creative Commons LicenseThis OpenGlobalRights Perspectives article is licensed under a Creative Commons Attribution-NonCommercial 4.0 International License. Photos, images, and logos are excepted from this license, except where noted. Please contact our team for re-publication queries.

 

Write for
OpenGlobalRights

 

RELATED ARTICLES:

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ၏အခန်းကဏ္ဍ

BY: Wai Yan Phone 
Englishภาษาไทย

MORE ON: